ပြင်ဦးလွင် ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေစယ်လန့် အကင်နှင့်စားသောက်ဆိုင်တို့ ပူးပေါင်းကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို ရွှေစယ်လန့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်း အနားကို ယနေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးဝင်းအတွင်းရှိ ပိုက်ကျော်ခြင်းကွင်း၌ ကျင်းပသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြိုင်ပွဲကျင်းပခြင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း အားကစားသမားများ၊ ပိုက်ကျော်ခြင်း အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။ ယနေ့ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသားသုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် အလင်းပြည့်အသင်းနှင့် M.A(ဂ)အသင်းယှဉ်ပြိုင်ကစားခဲ့ကြပြီး အလင်းပြည့်အသင်းက အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ကျေးဇူးတင်စကားပြောကြားပြီး၊ နှစ်သိမ့်ဆုရရှိသည့် နိုင်ကျော်အသင်းအား ပိုက်ကျော်ခြင်းဆပ် ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က လည်းကောင်း၊ တတိယဆုရရှိသော M.A (ခ) အသင်းအား ပြင်ဦးလွင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနဦးစီးမှူး ဦးမြင့်ဌေးကလည်းကောင်း၊ ဒုတိယဆုရရှိသော M.A(ဂ) အသင်းအား ရွှေစယ်လန့်အကင်နှင့် စားသောက် ဆိုင်ပိုင်ရှင် ဦးနော်ဆန်အောင်ကလည်းကောင်း ပထမဆုရရှိသော အလင်းပြည့်အသင်းအား ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်ကလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု ငွေကျပ်သုံးသိန်း၊ ဒုတိယဆုနှစ်သိန်း၊ တတိယဆု တစ်သိန်းနှင့် နှစ်သိမ့်ဆု ငါးသောင်းကျပ်ပေးအပ်ချီးမြှင့်ခဲ့ပြီး အုပ်စုတစ်အုပ်စုလျှင် ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းအသင်း(၃)သင်းနှုန်းဖြင့် အုပ်စု(က)မှအုပ်စု(စ)အထိ ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းအသင်း စုစုပေါင်း(၁၈)သင်းတို့က ဒီဇင်ဘာလ(၂၀)ရက်နေ့မှ ဒီဇင်ဘာလ(၂၃)ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ်ခရိုင် (ပြန်/ဆက်)