ရပ်စောက်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရပ်စောက်    ဒီဇင်ဘာ  ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများအသိပညာဗဟူသုတ တိုးပွားရရှိစေရန်အတွက် ယနေ့နံနက် (၁၀)နာရီက မြို့ပေါ်ရပ်ကွက်များရှိဌာနဆိုင်ရာများသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်ပြည်သူများ၊ အလုပ်မအား၍  စာအုပ်များလာ ရောက်ငှား ရမ်းခြင်းမရှိသည့် ဝန်ထမ်းများအား စာအုပ်၊ စာစောင်များ အလွယ်တကူဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ သုတ၊ ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ် များကို စာဖတ်ပရိတ်သက်များ၏ လက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းပေးခြင်း ဖြစ်ကြောင်း ဒုတိယ ဦးစီးမှူး ဒေါ်စုစုလှိုင်က ပြောသည်။

ထို့နောက် ရပ်စောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Mobile Library စနစ်ဖြင့် မြို့နယ်အတွင်းရှိဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများအား စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် အသစ် လဲလှယ် ပေးခြင်းတို့ကို အပတ်စဉ် သောကြာနေ့တိုင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)