မိုးညှင်း ဒီဇင်ဘာ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်လျက်ရှိသော (စိုက်ပျိုးရေး)ကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် ငွေကျပ်သိန်း(၂၀၀)ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ပွဲတွင် ခရိုင်အဆင့်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီလွင်က စိုက်ပျိုးရေး ကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် ထောက်ပံ့ငွေများလွှဲပြောင်း ပေးအပ်မှုနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိုးညှင်းခရိုင်ဘဏ်(ခွဲ)မှ ခရိုင်မန်နေဂျာ ဦးအောင်နိုင်က စိုက်ပျိုးစရိတ်ချေးငွေ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်မျိုးကိုက စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်လျက်ရှိသော (စိုက်ပျိုးရေး)ကျေးရွာစီမံကိန်း လုပ်ငန်းများအတွက် ချေးငွေများနှင့် ပတ်သက်၍ စီမံကိန်းဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို စိုက်ပျိုးရေးဆောင်ရွက်လျက်ရှိသော တောင်သူ (၂၀)ဦးအတွက် ငွေကျပ်သိန်း(၂၀၀)ကို တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များထံ အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း