မိုင်းယန်းမြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စံကွက်ရိတ်သိမ်းခြင်းနှင့် နေကြာသီးနှံဆီကြိတ်ခြင်းသရုပ်ပြပွဲကျင်းပ

မိုင်းယန်း ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စံကွက်ရိတ်သိမ်းခြင်းနှင့် နေကြာသီးနှံဆီကြိတ်ခြင်းသရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စံပြစိုက်ကွက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းနှင့် မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်တို့က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးခင်မောင်သန်းက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စံကွက်ရိတ်သိမ်းခြင်းနှင့် နေကြာသီးနှံဆီကြိတ်ခြင်းသရုပ်ပြပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် တောင်သူများအနေဖြင့် ကုန်ကျစရိတ်သက်သာကာ ပြုစုစောင့်ရှောက်မှုလွယ်ကူသော သီးနှံများကိုစိုက်ပျိုးခြင်းဖြင့်လည်း မိသားစုဝင်ငွေတိုးတက်ရရှိစေနိုင်ကြောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော တောင်သူများအား စိုက်ပျိုးရေသွင်းအားစုမျိုးစေ့များကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စံပြစိုက်ကွက်ရိတ်သိမ်းခြင်းနှင့် နေကြာသီးနှံဆီကြိတ်ခြင်းများကို တက်ရောက်လာကြသော တောင်သူများအား လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး