ဒလ ဒီဇင်ဘာ ၂၃
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဌာနဆိုင်ရာ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အသက် (၂၅) နှစ်အောက် အမျိုးသား(ဖူဆယ်)ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီ အချိန်က ကမာကသွယ်ရပ်ကွက်ရှိ ဗိုလ်တေဇ အားကစားကွင်း၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်း စနစ်တကျ နေရာယူကာ နိုင်ငံတော်အလံအလေးပြု၍ အားကစားသစ္စာ အဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က အဖွင့်မိန့်ခွန်း ပြောကြားပြီး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်နိုင်ဦးက အားကစားပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ပြိုင်ပွဲအသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အားကစားသမားများနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြသည်။
ထိုအားကစားပြိုင်များကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ နံနက် ၈နာရီအချိန်မှ စတင်၍ အားကစားကွင်း(၂)နေရာ၌ ပြိုင်ပွဲဝင် အသင်း( ၂၂) သင်းက ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းရသည်။
မြင့်ဇော် (ပြန်/ဆက်)