(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ပြိုင်ပွဲများနှင့် ဆုပေးပွဲကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၂၂

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောင်းသားကျောင်းသူများ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center)၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး‌ဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်းဒေးရှင်းတို့ ကြီးမှူးကျင်းပခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲများအား ပြုလုပ်ကျင်းပရာတွင် Community Center ကလေးစာဖတ်ခန်းတွင် ပန်းချီပြိုင်ပွဲ၊ ဘက်စုံသုံးခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲနှင့် Youth Centre ခန်းမတွင် ဉာဏ်စမ်းပြိုင်ပွဲများ ပြုလုပ်‌ပေးခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲများတွင် မြစ်ကြီးနားမြို့ရှိ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၆၀)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ကချင်ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးလှဌေးက ပြိုင်ပွဲများ ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)က ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများ၏ အမှတ်ပေး စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက်  ပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊ တတိယနှင့် အထူးဆုများရရှိသည့် ကျောင်းသား ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှ‌ဌေးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြ‌ကြောင်းနှင့် ဆုပေးပွဲအခမ်းအနားတွင် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများ စုစုပေါင်းအင်အား (၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)