တနိုင်း ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ် တနိုင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက တနိုင်းမြို့နယ်၊ အခြေခံပညာ မူလတန်းလွန်-ဟူးကောင်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြသောင်းမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသား၊ ကျောင်းသူများ သိသင့်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိပြီး လိုက်နာကြစေရေး၊ ယာဉ်မတော် တဆမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရန်၊ ရှောင်ရန်အချက်တို့ကို ဟောပြောပြီး မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးမြင့်က မှုခင်းကျဆင်းရေးနှင့် ပတ်သက်ပြီး အကျယ်တဝင့် ရှင်းလင်း ဟောပြောရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းနှင့် ဟောပြောပွဲ တွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူအင်အား (၃၀၀) ဦးကျော် တက်ရောက်ခဲ့ သည်။
ပန်းအိ(ပြန်/ဆက်)