နောင်ချိုမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စု (၄၁) အုပ်စု အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၄၉၇၅ အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ နှစ်သောင်း ပေးအပ်

နောင်ချို စက်တင်ဘာ ၂၃

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ စားဝတ်နေရေး ပြေလည်စေရန် ရည်ရွယ်၍  နိုင်ငံတော်အစိုးရက တတိယအကြိမ်အဖြစ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ အတွက် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် နှစ်သောင်း နှုန်းဖြင့်  နောင်ချိုမြို့နယ် ရပ်ကွက် ကျေးရွာအုပ်စုတွင်းရှိ အိမ်ထောင်စုများသို့ ယမန်နေ့နံနက် ၈ နာရီမှ စ၍ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း ၄၉၇၅ စုအတွက် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ ပေးခဲ့သည့် ထောက်ပံ့ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ စက်တင်ဘာလ ၂၁ ရက်နေ့ကလွှဲပြောင်းပေးအပ်ခဲ့ပြီး အဆို ပါထောက်ပံ့ငွေများကို  ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက ပြည်သူလက်ဝယ် အရောက် ပြန်လည်ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ အနေဖြင့်  ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများအား အခြေခံစားကုန်  ၅ မျိုး ကို တစ်ကြိမ် ၊ ငွေကျပ်၂၀၀၀၀နှုန်းဖြင့် ၃ ကြိမ်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ထွေးငယ်၊နောင်ချိုပြန်/ဆက်