မိုးညှင်း ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ယနေ့နံနက် (၈)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သင်တန်းတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်လွင်ဦးက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး နည်းပြဆရာ သိန်းဆု(စိုက်ပျိုးရေးတက္ကသိုလ်)က စိုက်ပျိုးရေးနှင့် ပတ်သက်သည့် နည်းပညာရပ်များကို သင်ကြားပို့ချပေးခဲ့သည်။
ထိုသင်တန်းတွင် စိုက်ပျိုးရေးနည်းပညာရပ်များဖြစ်သည့် ရာသီဥတုနှင့်ကိုက်ညီသော စိုက်ပျိုးရေး နည်းစနစ်များ၊ စပါးအဖွင့် စိုက်ပျိုးရေး အက်စ်အာရ်အိုင်(SRI) နည်းစနစ်များ၊ သမရိုးကျ လုပ်ကိုင်နေသည့် စိုက်ပျိုးရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင် မပျက်စီးဘဲ စိုက်ပျိုးရေး နည်းလမ်းများ၊ ပျက်နေစီးနေသည့်မြေကြီးမျာကို ပြန်လည် ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်သည့် နည်းလမ်းများ၊ အမှိုက်များကိုရှင်းစရာမလိုဘဲ စိုက်ပျိုးရသည့်နည်းလမ်းများ၊ မထွန်ယက်စိုက် ပျိုးရေးနည်းများ၊ မြေဖုံးပေး၍ ချက်ချင်းရလာသော အကျိုးကျေးဇူးများ၊ မြေကြီးကို ပင်ကြွင်းပင် ကျန်များ ဖုံးအုပ်သည့်အတွက် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ သီးနှံအထွက်တိုးနိုင်မည့် နည်းလမ်းများ၊ အိမ်တွင်းဖြစ် သဘာဝမြေဩဇာများနှင့် သဘာဝပိုးမွှားရောဂါကာကွယ်ဆေး ဖော်စပ်သည့် နည်းလမ်းများစသည်တို့ကို သင်ကြားပေးခဲ့ရာ သင်တန်းသား/သူများက သိရှိလိုသည်များကို ဆွေးနွေးပြောကြားကြကာ သင်တန်းနည်းပြဆရာမှ ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို တစ်ရက်တာကာလဖြင့် သင်တန်းသား သင်တန်းသူများဖြစ်ကြသည့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း