မူဆယ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ရပ်ကွက်/ကျေးရွာအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် တစ်အိမ်ထောင်လျှင် နှစ်သောင်းကျပ်နှုန်းဖြင့် အိမ်ထောင်စု စုစုပေါင်း (၈၄၀၇)အတွက် ထောက်ပံ့ငွေ(၁၆၈၁)သိန်းကျော်အား တတိယအကြိမ်ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်ခန့် က မူဆယ်မြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန(ရုံးဟောင်း)၌ ထောက်ပံ့ပေးအပ်သည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ၌ ရပ်ကွက်/ကျေးရွာအတွင်းရှိ အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေ နိုင်ရန် အတွက် နိုင်ငံတော်မှ တတိယအကြိမ်ထောက်ပံ့အဖြစ် ထောက်ပံ့ငွေများကို ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့ငွေများကို ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်နိုင်ရန် မြို့အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်သည်။
အဆိုပါ ထောက်ပံ့ငွေများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် တာဝန်ရှိသူများ က ထောက်ပံ့ငွေများကို လွှဲပြောင်းပေးအပ်ခဲ့ရာ သက်ဆိုင်ရာ မြို့အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ က အသီးသီးလက်ခံသည်။
ဆက်လက်ပြီး မူဆယ်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် (Hand Speaker)များကိုလည်း မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)