မိုင်းဆတ်မြို့၌ ကရင်နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ  ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ (၂၇၆၂)ခုနှစ်မြောက်  ကရင်နှစ်သစ်ကူးနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက်(၅)နာရီ(၄၅)မိနစ်က သဗ္ဗညုဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြု လုပ်ခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ ကရင်နှစ်သစ်ကူးနေ့အခမ်းအနား တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုကြပြီး ကရင်အမျိုးသားအလံအား လွှင့်တင်အလေးပြုကာ သဘာပတိ အဖွဲ့ဝင်နာယက ဦးသန်းဝေက နှုတ်ခွန်းဆက်စကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်ထံမှ ပေးပို့သည့် ကရင်နှစ်သစ်ကူးနေ့သဝဏ်လွှာကို ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာနိုင်ထွန်းဦးက ဖတ်ကြားကာ ကရင်နှစ်သစ်ကူးနေ့ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဆရာတော်ဣန္တဝံသက အနောက်ပိုးကရင်ဘာသာဖြင့် နှုတ်ခွန်းဆက်စကားနှင့် ကရင် အမျိုးသားအလံ အကြောင်းရှင်းလင်းပြောကြားခဲ့ပြီး စကောကရင်ဘာသာဖြင့် နော်ရိုးလီရယ်ရှီးက နှုတ်ဆက် စကားပြောကြားခဲ့သည်။

ထို့နောက် ဒေါက်တာနိုင်ထွန်းဦးနှင့် နော်ရိုးလီရယ်ရှီးတို့က စကောကရင်ဘာသာဖြင့် ကရင်နှစ်သစ်ကူး သီချင်းဖြင့် သီဆိုဖျော်ဖြေကာ ကရင်သက်ကြီးဘိုးဘွားများအား အမှတ်တရ ဂုဏ်ပြု လက်ဆောင် များပေးအပ်ပြီး ကရင်တိုင်းရင်းသားရိုးရာ အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)