ဘူးသီးတောင် ဒီဇင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မေယုရတနာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များပြောကြားရာ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်များအချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စဉ်းစားတွေးခေါ်မှုစွမ်းရည်များရှင်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကိုဦးဆောင်မည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကြည်ဝင်းမှ လူငယ်စကားဝိုင်းကျင်းပခြင်းအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့် အ-ထ-က(၁) ဘူးသီးတောင်နှင့် အ-ထ-က(၂) ဘူးသီးတောင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
လူငယ်စကားဝိုင်းသို့ မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်နှင့် ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
လှကျော်