ချီဖွေ ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် ၉ နာရီမှ စတင်ကာ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ချီဖွေမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေလာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများဖြင့် စနစ်တကျထုတ်ပေးလျက်ရှိသည်။
ပင်စင်စားမိဘပြည်သူများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် ထုတ်ယူနိုင်ကြောင်း သိရသည်။
ချီဖွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း(၃၇၅)ဦးရှိပြီး ပင်စင်စားများအဆင်ပြေစေရေးအတွက် လစဉ်(၂၁)ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိရာ ယခုအငြိမ်းစားပင်စင်ထုတ်ယူသူ(၁၀၀)ဦးကျော်ခန့်ရှိပြီး နောက်ရက်များတွင်လည်းကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မန်နေဂျာထံမှ သတင်းရရှိသည်။
မေခမွန် (ပြန်/ဆက်)