မိတ္ထီလာမြို့နယ် ကဖြူကျေးရွာတွင် GW 11 မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက GW 11 မိုးစပါးအစို ၁၃၉ တင်းထွက်ရှိ

မိတ္ထီလာ ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကဖြူကျေးရွာ၊ ကွင်းအမှတ် ၇၃၅ ၊ ဦးပိုင်အမှတ် ၂၁၃ ရှိ တောင်သူဦးခင်းမောင်ဝင်း၏ GW 11 စိုက်ဧက ၁.၅၀ ဧကတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မိုးစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧက GW 11 မိုးစပါးအစို ၁၃၉ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးက GW 11 အထွက်ကောင်းစပါး တစ်ဧက ၁၃၀ တင်းအထက်ထွက်ရှိရန် မျိုးစေ့သုံးနှုန်းထားများ၊ မျိုးစေ့အညှောက်ဖောက်နည်းစနစ်များ၊ ပျိုးထောင်းခြင်းနှင့် ပျိုးခင်းထိန်းသိမ်းခြင်း၊ တိုက်ရိုက်အစေ့ချကြဲပတ်စိုက်ပျိုးခြင်း၊ ပျိုးထောင်ရွေ့ပြောင်းစိုက်ပျိုးခြင်းများတွင် လိုက်နာရမည့်အချက်များနှင့် GW 11 စပါးမျိုးများ ၏ အရည်အချင်းလက္ခဏာများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် GW 11 မိုးစပါး စံကွက်ရိတ်သိမ်းရာ တစ်ဧက စပါးအစို ၁၃၉ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းလှိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်စန္ဒာလင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၀၄၃၂ စိုက်ပျိုးနိုင်ခဲ့ရာ GW 11 မိုးစပါး စိုက်ဧက ၇၅ ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်