ပင်လုံ စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၃)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၈:၃၀) နာရီအချိန် က ပင်လုံမြို့ ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပင်လုံမြို့ ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူး ဦးစိုင်းစံငင်း က ထောက်ပံ့ငွေပေးရခြင်း၏ ရည်ရွယ်ချက်၊ ထောက်ပံ့ငွေ ပေးအပ်ရာတွင် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ပေးပို့ရမည့် နည်းလမ်းများအား ရှင်းလင်း ပြောကြားပြီး ရပ်ကွက်(၃)အတွင်းရှိ အိမ်ထောင်စု (၈၆၄)စု အနက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (၆၂)စု အတွက် သက်ဆိုင်ရာ အခြေခံလူတန်းစား မိသားစုဝင်များထံသို့ တတိယအကြိမ် လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုဝင် (၄၅)စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် တတိယအကြိမ်ပေးအပ်နိုင်ခဲ့ပြီး ကျန်ရှိအိမ်ထောင်စုများအား နောက်နေ့များ၌ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် (၆၂)စုအတွက် စုစုပေါင်း ငွေကျပ် (၁၂၄၀၀၀၀) တစ်ဆယ့်နှစ်သိန်း လေးသောင်းကျပ်အား အခြေခံလူတန်းစားများ၏ လက်ဝယ်သို့အရောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ နှင့် ရပ်ကွက်စာရေးတို့က ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းမြင့်မြင့်ဆွေ (ပင်လုံ၊ ပြန်/ဆက်)