ကျောက်ပန်းတောင်းမြို့နယ်အတွင်း Cash for Work စီမံကိန်းဖြင့် ကျေးရွာ (၁၉) ရွာတွင် လမ်းလုပ်ငန်းနှင့် မြေသားမိုးရေလှောင်ကန်လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ကျောက်ပန်းတောင်း၊ စက်တင်ဘာ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာပေါင်း (၁၉) ရွာတွင် ကျောက်ချောလမ်း လုပ်ငန်း၊ ဂျင်းလမ်းခင်းခြင်းလုပ်ငန်းနှင့် မြေသားမိုးရေလှောင်ကန် ပြုပြင်ခြင်းလုပ်ငန်းများကို Cask for Work စီမံကိန်းဖြင့် တစ်ရွာလျှင် ငွေကျပ်(၁၀၀)လုပ်အားခပေးချေဆောင်ရွက်စေခဲ့ရာ၊ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ် ကြောင်းသိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသည့် ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို၊ ၎င်းတို့ကိုယ် တိုင်ဆောင်ရွက်စေပြီး၊ လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများဝင်ငွေရရှိစေရန်နှင့် ကျေး လက်ဒေသအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Cash for Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံနှင့်အဝှမ်းရှိ ကျေးရွာပေါင်း (၂၄၈၈)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Cash for Work စီမံကိန်းဖြင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာ (၁၉) ရွာတွင် တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀) နှုန်းဖြင့် ကျောက်ချောလမ်း(၇)လမ်း (၈၄၀၀)ပေ၊ ဂျင်းလမ်း(၇)လမ်း (၁၇၉၅၅)ပေ နှင့် မြေသားမိုးရေလှောင်ကန်(၅)ကန် ပြုပြင်ခြင်း အစရှိသည့် စီမံကိန်းလုပ်ငန်းများကို ကျေးရွာပြည်သူများကိုယ်တိုင် စီမံခန့်ခွဲဦးစီးလုပ်ကိုင်စေခဲ့ရာ၊ ယခုအခါ လုပ်ငန်းအားလုံး (၁၀၀)ရာခိုင်နှုန်းပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဆောင်ရွက်ပြီးစီးခဲ့သည့် စီမံကိန်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေနှင့်ဝန်ထမ်းများက လုပ်ငန်းအရည်အသွေးပြည်မီခြင်း ရှိ/မရှိနှင့်သတ်မှတ်စံနှုန်းအတိုင်း ကိုက်ညီမှု ရှိ/မရှိတို့ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)