ချင်းရွှေဟော် စက်တင်ဘာ ၂၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက် လျက်ရှိရာ ယမန်နေ့နံနက် (၆)နာရီမှ ညနေ(၆)နာရီအချိန်အထိ နေရပ်ပြန်ပြည်သူ (၅၃)ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၅၃)ဦးတို့မှာ အမျိုးသား (၃၅)ဦး၊ အမျိုးသမီး (၁၈)ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ (၄)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၉)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁)ဦး၊ ကချင်ပြည်နယ်မှ (၃)ဦး၊ ချင်းပြည်နယ်မှ (၁၀)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၅)ဦးနှင့် ရခိုင်ပြည်နယ်မှ (၈)ဦး တို့ ဖြစ်သည်။
ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် ဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၄၉၂)ဦး နှင့် အမျိုးသမီး(၆၈၃၉)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၅၃၃၁)ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)