ကျိုင်းတုံ ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမူလတန်းကြိုကျောင်း၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပြုလုပ်သည်။
ရှေးဦးစွာ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်ကကျိုင်းတုံမူလတန်းကြိုကျောင်းမှ အသက် (၃) နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှု စသည်များ ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးလျက်ရှိရာ ယခုဒီဇင်ဘာလမှာ ကာယဖွံ့ဖြိုးမှုသာမက ဉာဏ်ရည် နှင့်ယှဉ်တွဲကစားခြင်း၊ တစ်ယောက်နှင့်တစ်ယောက် အပေးအယူသဘောကိုနားလည်စေပြီး စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုခံစားမှုရရှိစေခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အားကစားပြိုင်ပွဲများကျင်းပရာ ပြိုင်ပွဲတွင် ကလေးငယ်များက လက်ဆင့်ကမ်းအပြေး၊ မုန့်စား၊ ရိုးရိုးပြေး၊ အားလူးကောက်၊ အရောင်ရွေး၊ ရေဖြည့်၊ ဦးထုပ်ဆောင်းပြေး၊ ပူပေါင်းဖောက် စသည့်ကစားနည်းများကို ပျော်ရွှင်စွာယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသည့် ကလေးငယ်များ ကို ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင်ခဲ့ကြကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)