ပူတာအို ဒီဇင်ဘာ ၂၁
၂၀၂၃-ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်(Working Group) မြေပြင်လူဦးရေစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၂၀)ရက် နံနက်(၉)နာရီခွဲက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပူတာအိုခရိုင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးက အဆင့်(၃)ဖြစ်သည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းစဉ်တွင် အဓိကကျသည့် လုပ်ငန်းဖြစ်သဖြင့် မြေပြင်တွင် မှန်မှန်ကန်ကန်စနစ်တကျ ကောက်ယူနိုင်ရန် သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများ (မသန်စွမ်း(၅)မျိုးစာရင်း ကောက်ယူခြင်း အပါအဝင်) ဇန်နဝါရီလ(၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ (၂၃)ရက်အတွင်း တစ်ချိန်တည်း တစ်ပြိုင်တည်းပြီးစီးအောင် ကောက်ယူရမှာဖြစ်ပါကြောင်း၊ ယခုပြည်နယ်အဆင့် နည်းပြသင်တန်းကို တက်ရောက်သူများသည် မြေပြင်တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းဆောင်ရွက်ကြမည့်(Working Group) များကို မြေပြင်ကွင်းဆင်းလုပ်ငန်းများ လက်တွေ့ဆောင်ရွက်နိုင်ရန် အဆင့်ဆင့်သင်တန်း ပို့ချပေးသွားရမည့် အဓိကတာဝန်ရှိသူများ ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချပေးထားသည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာနဲ့သင်ယူပြီး နိုင်ငံတော်နှင့်မိမိဌာနအတွက် အရေးကြီးလုပ်ငန်းစဉ် ကြီးပြီးမြောက်အောင်မြင်စေရန် ပံ့ပိုးကူညီသွားကြရန် တိုက်တွန်းလိုပါကြောင်း အမှာစကားပြောကြားပြီး ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက သင်တန်းစတင်ပို့ချသည်။
အဆိုပါသင်တန်းသို့ ပူတာအိုခရိုင် အတွင်းရှိ ပူတာအို၊ မချမ်းဘော့၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်မြို့နယ် ထွေအုပ်ဝန်ထမ်းများနှင့် လဝကဝန်ထမ်းသင်တန်းသား စုစုပေါင်း(၂၀)ဦးတို့ကို ဒီဇင်ဘာ(၂၀)ရက်မှ (၂၁)ရက်နေ့အထိ နှစ်ရက်ကြာ လူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ဗဟိုအဆင့်နည်းပြသင်တန်းတက် ရောက်ပြီးသည့် နည်းပြများကသင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)