မံစီ ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် နန့်မဖွဲ့ကျေးရွာအုပ်စု၊ နန့်မဖွဲ့ကျေးရွာ အောင်စည်သာခန်းမ၌ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာများအရောက် အသိပညာပေးဟောပြော ဆွေးနွေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ စည်းရုံးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် လာရောက်ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မူဝါဒလုပ်ငန်းစဉ်များ၊ ပြည်သူလူထုအတွက် အခွင့်အရေးဆိုင် ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန်၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်ထောက်ပံ့ ပေးခြင်းများ မပြုလုပ်ကြရန်၊ လူမှုကွန်ရက်ပေါ်မှကောလဟလသတင်းများအား နားမယောင်စေရန် တရားမဝင်ယစ်မျိုး၊ ဓာတ်သတ္ထုတူးဖေါ်ခြင်းလုပ်ငန်းများ ပြုလုပ်ခြင်းမရှိစေရန်၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေး၊ မြစိမ်းရောင်ချေးငွေကိစ္စရပ်များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးထားသော သီးနှံချေးငွေကိစ္စရပ်များ ပေးဆပ်နိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေး၊ ပညာရေးကျန်းမာရေးဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို ပါဝါပွိုင့်ဖြင့် အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ ဗိုလ်မှူးဖြိုးဝေမောင်မှ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ၊ ငြိမ်းချမ်းရေးဖော် ဆောင်မှုလုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက မြေပိုင်ဆိုင်မှုအထောက်အထားပုံစံ(၇) ရရှိရေး၊ မီးသတ်ဦးစီးဌာနမှက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက မြစိမ်းရောင်ချေးငွေများအား ထုတ်ချေးထားရှိမှုနှင့် ကုန်ထုတ်တံ တားများ ဖောက်လုပ်ပေးနေမှု အခြေအနေကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းက အိမ်သုံးမီတာ လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူးက ကျောင်းနေအရွယ်ကလေးများ အားလုံးပညာသင်ကြားနိုင်ရေး ကျောင်းသား ကျောင်းသူများ အားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက မြေပြင်ကွင်းဆင်း ကောက်ယူမည့် ကိစ္စရပ်များ ဆောင်ရွက် နေမှုများကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးကြပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး ဌာနဆိုင်ရာများက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)