ဆွမ်ပရာဘွမ်မြို့တွင် မီးဘေးလုံခြုံရေး၊ မီးသတ်သရုပ်ပြနှင့်အသိပညာပေးခြင်းကွင်းဆင်းဆောင်ရွက်

ဆွမ်ပရာဘွမ်   ဒီဇင်ဘာ  ၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မီးသတ်ဦးစီးဌာနမှဦးဆောင်လျက် မီးဘေးလုံခြုံရေး၊ မီးသတ်သရုပ်ပြနှင့်အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက ဆွမ်ပရာဘွမ်မြို့နယ်စည်ပင်သာယာစျေးရှေ့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့မီးဘေးလုံခြုံရေး၊ မီးသတ်သရုပ်ပြနှင့်အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ဆွမ်ပရာဘွမ်မြို့မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှလက်ထောက်မီးသတ်ဦးစီးမှူးဦးရှီလာဇော်ဖန်က ပြည်သူများ၊ စျေးသူ၊ စျေးသားများအား မီးလောင်မှုမဖြစ်ပွားစေရန်ကြိုတင်ဆောင်ရွက်ထားသင့်ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာ၌ ဆောင်ရွက်ရမည့်အချက်များ၊ လိုက်နာရမည့်အချက်များ၊ အိမ်တိုင်းမီးသတ်ဆေးဗူး၊ မီးချိတ်၊ မီးကပ်များဆောင်ထားသင့်ကြောင်း မီးငြိမ်းသတ်ပုံ၊ သတ်နည်းများကိုရှင်းလင်းအသိပညာပေးပြောကြားသည်။

ဆက်လက်၍ မီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ပုံနည်းသရုပ်ပြသရာပြည်သူများ၊ စျေးသူ၊ စျေးသားများကလက်တွေ့သရုပ်ပြဆောင်ရွက်ပြီး မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့်အဖွဲ့ဝင်များသည် မီးသတ်ရေပိုက်များဖြင့် မြို့နယ်စည်ပင်သာယာစျေး၌ လက်တွေ့သရုပ်ပြကွင်းဆင်းဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းသို့ ဆွမ်ပရာဘွမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ်ကော်မရှင်၊​မြို့နယ်ပြန်/ဆက်ဌာန၊ မီးတပ်ဖွဲ့ဝင်များနှင့်ပြည်သူများ၊ စျေးသူ၊ စျေးသားများက ပူးပေါင်းပါဝင်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

April moe(ဆွမ်ပရာဘွမ်)