ဗန်းမော် ဒီဇင်ဘာ ၁၈
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့အားကစားပြိုင်ကွင်းတွင် ဗန်းမော်ခရိုင်ဌာန ပေါင်းစုံအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၁၇)ရက်နေ့ မွန်းလွှဲ ၂ နာရီခန့်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်အား ချီတက်အလေးပြုကာ ကွင်းအတွင်းနေရာယူ၍ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို ရွတ်ဆိုခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က “ရည်ရွယ်ချက်(၃)ရပ်ဖြင့် ယခုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဗန်းမော်ခရိုင်သည် အားကစားနှင့်ကာယပညာဘက်တွင် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ များစွာပေါ်ထွက်ခဲ့သည့် ခရိုင်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်ကစားကြမည့် အားကစားသမားများအနေဖြင့် အစဉ်အလာကိုဆက်ထိန်းပြီး ပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအထိ တက်ရောက်နိုင်ရမည်ဟူသောရည်ရွယ်ချက်ဖြင့်သန့်သန့်ရှင်းရှင်း စည်းစည်းလုံးလုံး ကစားသွားကြရန်လိုကြောင်း” မိန့်ခွန်းပြောကြားခဲ့သည်။
ထို့နောက် ဝှူရှူးအားကစား၊ တိုက်ကွမ်ဒိုအားကစား၊ လက်ဝှေ့အားကစား၊ အေရိုးဗစ်အဖွဲ့များက သရုပ်ပြတင်ဆက်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့နှင့် အားကစားသရုပ်ပြအဖွဲ့များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြကာ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခြင်းခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲဝင်ဘောလုံးအသင်းများ၊ စုစုပေါင်းအင်အား (၆၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ဆက်လက်၍ ညနေ ၃ နာရီ ၄ဝ မိနစ်တွင် ဗန်းမော်ခရိုင်ဌာနပေါင်းစုံအမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲပထမပွဲစဉ်အဖြစ် သစ်တောအသင်း(သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်း)နှင့် လယ်စီအင်းအသင်း(လယ်ယာမြေစီမံခန့်ခွဲရေးဌာနအသင်း)တို့ စတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ သစ်တောအသင်းက လယ်စီအင်းအသင်းကို (၆)ဂိုး(၃)ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်