ညောင်ဦး ဒီဇင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက် တောင်သူများ၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ဆောင်းကြက်သွန်နီစတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာမှဆောင်းကြက်သွန်နီ စိုက်ပျိုးတောင်သူ ဒေါ်ဝိုင်းငြိမ်းထံက သိရသည်။
ဆောင်းကြက်သွန်နီမျိုးစေ့ပျိုးထောင်ခြင်းအား သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် စတင်ပျိုးထောင်ကြကြောင်း၊ မျိုး(ပျိုး)စေ့ပျိုးထောင်ပြီး ရက်ပေါင်း လေးဆယ် ငါးရက်ပြည့်လျှင် စိုက်မည့်စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးရကြောင်း သိရသည်။ ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာ၊ သစ်ထောင့်ကျွန်းကျေးရွာ၊ လက်ပံခြေပေါ်ကျေးရွာ၊ လက်ထုတ် ကျေးရွာများနှင့် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင် ကျေးရွာများ၊ ရေဆုံးကျေးရွာနှင့် ပုပ္ပားမြောက်ဘက် စိတ္ထိန်းကျေးရွာများသည် ဆောင်းကြက်သွန်နီ အမြောက်အများ စိုက်ပျိုးကြသည့်ကျေးရွာများဖြစ်ကြပြီး ယာမြေတွင်စိုက်ပျိုး ခြင်းနှင့်ကျွန်းမြေ၊ ချောင်းမြေများတွင် စိုက်ပျိုးကြကြောင်း ဆောင်းကြက်သွန်စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးပြီးလျှင် ယာမြေများတွင်မြောင်းဘောင်စနစ်ဖြင့် ရေသွင်းစိုက်ပျိုးခြင်း၊ ကျွန်းမြေ၊ ချောင်းမြေများတွင် ရေဖြန်းစိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးကြကြောင်း သိရသည်။ ဆောင်းကြက်သွန်နီစိုက်ပျိုးရာတွင် ပျိုးထောင်ချိန်မှနှုတ်သိမ်းချိန်ထိ အချိန်ငါးလခန့်ကြာမြင့်ကြောင်း၊ ပျိုးထောင် ၄၅ ရက်၊ စိုက်ခင်းတွင် ရက်ပေါင်း ၉၀ ပြည့်မှနုတ်သိမ်းကြောင်းလည်း သိရသည်။
ဆောင်းကြက်သွန်နီစိုက်ပျိုးချိန် ကြက်သွန်စိုက်သမတစ်ဦးလျှင် နံနက် ၈နာရီခွဲမှ ညနေ ၄ နာရီခွဲအချိန်ထိ ငါးထောင်ကျပ်၊ ယာထွန်စက် တစ်နာရီ ၄၀၀၀၀ ကျပ်၊ နွားဖြင့်ထွန် ယက်ခ တစ်မနက် ၁၅၀၀၀ ကျပ်၊ နွားချေး ပုဇဉ်းခေါင်းထော်လာဂျီတစ်စီးလေးသောင်း ကျပ်၊ ဖော့စမိတ်တစ်အိတ် ခြောက်သောင်းကျပ်၊ ငုံးချေးတစ်အိတ် သုံးထောင်ကျပ်ပေးဝယ် ထည့်စိုက်ပျိုးရကြောင်း ကြက်သွန်တစ်ဧကစိုက်ပျိုးစရိတ် ပျှမ်းမျှ သိန်း ၂၀ ခန့်ကုန်ကျပြီး စိုက်ကြကြောင်း ဦးတင်ထွန်းအောင်ကရှင်းပြသည်။ နုတ်သိမ်းချိန်တွင်လည်း ကြက်သွန် လှောင်စင်ပေါ်တင်ပြီးချိန်ထိ မပျက်စီးစေရန် လေဝင်လေထွက်ကောင်းအောင်ထားပေး ရကြောင်းလည်းသိရကာ ညောင်ဦးမြို့နယ်ကျေးလက်တောင်သူများနှင့်ကျောက်ပန်း တောင်းမြို့နယ်ကျေးလက်တောင်သူများ ဆောင်းကြက်သွန်နီစတင်စိုက်ပျိုးနေကြပြီဖြစ် ကြောင်းသိရသည်။
ကိုကြေးမုံ