ဆီဆိုင်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဆီဆိုင်    စက်တင်ဘာလ     ၂၃    

ကျေးလက်နေပြည်သူများ လူမူစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အု ပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း၊ မြို့နယ် လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးခွန်ဇော်မျိုးထွန်းနှင့် တာဝန်ရှိသူများက နားခိုက်ကျေးရွာအုပ်စု၊ နားခိုက်ကျေးရွာတွင် အရှည် ၁၆၆၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ နားသံကျေးရွာအုပ်စု၊ နားမွန်းကျေးရွာတွင် အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေရှိ ဆရာ/မ နားနေဆောင် တည်ဆောက်ခြင်းလုပ်ငန်း၊ နောင်လွယ်ကျေးရွာတွင် အရှည် ၂၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၅ ပေရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း၊ ပုံးအင်းကျေးရွာအုပ်စု၊ ဝမ့်ပုံးကျေးရွာတွင် အလျား ၂၇ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၁၂ ပေရှိ ဆရာ/မ နားနေဆောင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကွန်ဆိုင်းကျေးရွာတွင် ဂါလန် ၂၀၀၀ ဆံ့ စင်မြင့်ရေလှောင်ကန်နှင့် ရေပိုက်သွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)