ရခိုင်ပြည်နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ ပြည်နယ်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲကျင်းပ

စစ်တွေ     ဒီဇင်ဘာ  ၂၀

အိမ်ထောင်စုလူဦးရေစာရင်း ရခိုင်ပြည်နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီအဖွဲ့ဝင်၊ ပြည်နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက မြေပြင် စာရင်းမှန်ကန်စေရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်(Working Group) ကြီးကြပ်မှုကော်မတီအဆင့်ဆင့်အား ဖွဲ့စည်းထားရှိကာ ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ ချမှတ်ပေးထားပြီး ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းသည် အလွန်အရေးကြီးပြီး နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း၊ မြေပြင်လူဦးရေစာရင်းမှန် ကန်မှသာလျင် မိမိတို့ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များလည်း အဆင်ပြေချောမွေ့ကာ အမှားအယွင်းမရှိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ မိဘပြည်သူများ ကိုင်ဆောင် အသုံးပြုလျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) များကို အဆင့်မြင့် နည်းပညာဖြင့် e–ID Software အတွင်းသို့ ဖြည့်သွင်းထားရှိပြီးဖြစ်ကြောင်း၊ ဖြည့်သွင်းပြီး အိမ်ထောင်စုများကို Software မှ Print ထုတ်ယူကာ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ပြီး လကုန်ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် ပြည်နယ်အဆင့် နည်းပြသင်တန်း တက်ရောက်လာသည့် သင်တန်းသားများအနေဖြင့် မြို့နယ်အဆင့် သင်တန်းကို နည်းပြများအဖြစ် ပြန်လည်ပို့ချရမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် ရခိုင်ပြည်နယ် အတွင်း မြေပြင်လူဦးရေစာရင်း မှန်ကန်စွာ ကောက်ယူရေးအတွက် အရေးကြီးသော ကနဦးသင်တန်း ဖြစ်သည့်အတွက် ပို့ချသော သင်ခန်းစာများအား အထူးအလေးထားမှတ်သားပြီး ပြည်နယ်အဆင့် နည်းပြများနှင့် အပြန်အလှန် ဆွေးနွေးသွားကြရန်လိုကြောင်း၊ သို့မှသာ မြို့နယ်အဆင့်သင်တန်းတွင် နားလည် သဘောပေါက်အောင် ပြန်လည်ပို့ချနိုင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အတွက် အရေးကြီးပြီး မဖြစ်မနေဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သောကြောင့် အထူးအရေးကြီးလုပ်ငန်းအဖြစ်ခံယူ၍ ပူးပေါင်း ဆောင်ရွက်ပေးကြရန်ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီတွဲဖက်အတွင်းရေးမှူး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အတွင်းရှိ ခရိုင်(၇)ခရိုင်၊ မြိုနယ်(၁၇)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ ၁၀၉ ဦးတက်ရောက်ကြကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)