ဆီဆိုင် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားသောက်ရေးအဆင်ပြေစေရေးအတွက် အိမ်ထောင်စု တစ်စုလျှင် နိုင်ငံတော်မှ ငွေကျပ် ၂ သောင်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခန့် က နားခိုက်ကျေးရွာအုပ်စု၊ နားသံကျေးရွာအုပ်စုနှင့် ပုံးအင်းကျေးရွာအုပ်စုတို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများထံသို့ ကွင်းဆင်းထောက်ပံ့ ပေးခဲ့သည်။
အိမ်တိုင်ရာရောက်ထောက်ပံ့ပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် တာဝန်ရှိသူများက နားခိုက်ကျေးရွာအုပ်စု၊ နားခိုက်ကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၄၃)ဦးခန့်ကိုလည်းကောင်း၊ နားသံ ကျေးရွာအုပ်စု၊ နားမွန်းကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု(၁၂)စု၊ လူဦးရေ(၅၈)ဦး ခန့် ကိုလည်းကောင်း၊ ပုံးအင်းကျေးရွာအုပ်စု၊ ဝမ့်ပုံးကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု(၂)စု၊ လူဦးရေ(၆)ဦး ကိုလည်းကောင်း အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်း ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃)အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု (၃၇၈၄)စု၊ လူဦးရေ ၁၆၁၃၀ ဦးခန့်ရှိပြီး ကျန်ရှိနေသေးသည့် အိမ်ထောင်စု များကိုလည်း သက်ဆိုင်ရာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများတို့က ပြည်သူများထံသို့ လက်ရောက်ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)