စဉ့်ကူး ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က မြန်မာ့လွတ်လပ်ရေး ဗိသုကာဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် တိုင်းရင်းသားလူမျိုးများ၏ လွတ်လပ်ရေးကြိုပမ်းမှု သမိုင်းကြောင်းများနှင့် လွတ်လပ်ရေး အဓွန့်ရှည် တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ကြရန် လိုအပ်ကြောင်း၊ နေ့ထူးနေ့မြတ်များကို အစဉ်သတိရပြီး တန်ဖိုးထားရန်လိုအပ်ကြောင်း တို့ကို ကျောင်းသားကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးနှင့် ဉာဏ်စမ်းပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်လက်ထောက် ဒေါ်အေးမြမြမိုးက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများအား စဉ့်ကူးမြို့နယ်ပြန်/ဆက်ရုံး ဝန်ထမ်းများက အအေးနှင့်မုန့်များ တိုက်ကျွေးခဲ့ကြသည်။
စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ ဆက်)