တောင်ကြီး စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန်အတွက် တောင်ကြီးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ နှာခေါင်းစည်း (Mask) မတပ်သူများအား အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန် က တောင်ကြီးမြို့ လူစည်ကားနေရာဖြစ်သည့် မောချယ်ရီဂိတ်နှင့်ယာယီဈေးများ၌ နှာခေါင်းစည်း (Mask) ကမ်ပိန်း ပြုလုပ်ခဲ့ကြသည်။
အပြင်ထွက်သွားလာတဲ့ ပြည်သူတွေကို နှာခေါင်းစည်း(Mask) တပ်ပြီးသွားလာဖို့ ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားပြီး ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ဒီနေ့မှာ ထပ်မံပြီးတော့ ပြည်သူတွေလိုက်နာဖို့ ပိုပြီးတော့အားထည့်ပြီး ဆောင်ရွက်တဲ့အနေနဲ့ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)တပ်ဖို့၊ ကိုဗစ်-၁၉ (COVID-19)ကိုထိန်းချုပ်ဖို့ ဒီလိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အခုလောလောဆယ် တောင်ကြီး မြို့ပေါ်မှာ ပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည့်အပြင် အရှိန်အဟုန် မြှင့် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် တောင်ကြီးမြို့ပေါ်ရှိ ပြည်သူလူထုများအသွားအလာများသော နေရာဖြစ်သော မောချယ်ရီဂိတ်၊ ယာယီဈေးနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက်တွင် လမ်းလျှောက်လာသူ၊ ဆိုင်ကယ်စီးသူများနှင့် စက်ဘီးစီးသူများကို အဓိကထား၍ နှာခေါင်းစည်း (Mask)မတပ်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များကိုမှတ်တမ်းယူခြင်း၊ နှာခေါင်းစည်း(Mask) များအခမဲ့ ဝေငှခြင်းများ ပြုလုပ်ပြီး နောက်တစ်ကြိမ် ထပ်မံစစ်ဆေး ဆောင်ရွက်ချိန်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိပါက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေသခံပြည်သူများ Mask တပ်ကြရန်၊ မကြာခဏလက်ဆေးရန်၊ လူစုလူဝေးရှောင်ရှားရန်၊ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြရန်၊ တတ်နိုင်သမျှ မိမိအိမ်မှာသာနေပါရန်၊ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ လုံးဝ(လုံးဝ)မသွားကြပါရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြပါရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေ အကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြပါရန်၊ အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့် နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျမပျက်မကွက် တပ်ဆင်ကြပါရန်၊ လက်တွင် ကပ်ပါလာသော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့်ရေအသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀) ကြာ အောင် ဆေးကြောကြပါရန်၊ နိုင်ငံခြားမှပြန်လာသူများအား အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့် ခွဲခြား နေထိုင်စေခြင်း (Quarantine)လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ကြရန်၊ တရားမဝင် ပြန်လည် ဝင်ရောက်လာသူများရှိပါက မဖြစ်မနေ သတင်းပို့ပါရန်၊ ရောဂါရှိသူ အတည်ပြု လူနာနှင့် ဆက်စပ် ထိတွေ့မှုရှိသူများ၊ သံသယရောဂါလက္ခဏာများဖြစ်သည့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တစ်ရက် အနံ့အရသာပျောက်ဆုံးခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည်တို့ခံစားရပါက နီးစပ်ရာကျန်းမာရေးမှူးရုံးသို့ အမြန်ဆုံး သတင်းပို့ပါရန်၊ ရောဂါပိုးရှိသူ အတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိသူများကို ရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်းပါဝင်ပေးကြပါရန် အသိပေးကြေညာခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)