မုဒုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်

မုဒုံ စက်တင်ဘာ ၂၂

 

မွန်ပြည်နယ်မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအတွက် ဒုတိယအကြိမ်ထောက်ပံ့ ငွေပေးအပ် ခြင်းကို ယနေ့ညနေ ၃ နာရီခန့် က တော်ကူးကျေးရွာရှိစိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး စင်တာ၌ ပေးအပ်ခဲ့သည်။

 

ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ကိုဗစ်-၁၉ကာလအတွင်းမိုးစပါးမျိုးစေ့ထုတ် တောင်သူများအား မိုးစပါးများ စိုက်ပျိုးမှုထုတ်လုပ်ရာတွင်အဓိက လိုအပ်ချက်ဖြစ်သည့် သွင်းအားစု၊ မျိုးကောင်းမျိုးသန့်များအား တောင်သူများလိုအပ်သည့် ပမာဏကို အလွယ်တကူရရှိအသုံးပြုနိုင်ရန်၊အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးနိုင်ရန်၊ စိုက်ဧကအပြည့်အဝ အကောင်အထည်ဖော်ဆောင်နိုင်ရန်၊ ကိုဗစ်-၁၉ကာလ အတွင်း တောင်သူများအပေါ်ထိခိုက်မှုမရှိစေရန်အတွက် ရည်ရွယ်၍ ယခုလိုထောက်ပံ့ပေးအပ်ရကြောင်း၊ တောင်သူများကိုပထမအကြိမ်လယ်တစ်ဧကလျှင် အထွက် ကောင်းမျိုးစေ့ဖိုးနှင့် အပင်ပြုစုစောင့်ရှောက်ဖိုးအတွက်ငွေကျပ်(၈၅၅၀၀)ကျပ်ကို ထောက်ပံ့ပေး အပ်ပြီးဖြစ် ကြောင်းရှင်းလင်း ပြောကြားသည်။

ထို့နောက် မုဒုံမြို့နယ်တော်ကူးကျေးရွာနှင့် ကွမ်တာကျေးရွာရှိတောင်သူ (၁၉) ဦးပိုင်ဆိုင်သည့် မိုးစပါးမျိုး စေ့ထုတ် လယ်ဧက(၁၅၀)ဧကတွင် မျိုးကွဲနှုတ်ပယ်ခြင်းနှင့် မျိုးစေ့ခြွေလှေ့သန့်စင်ခြင်း အတွက် လယ်တစ်ဧကလျှင်ငွေကျပ်(၆၅၀၀၀)ကျပ်စုစုပေါင်းငွေကျပ်(၉၇၅၀၀၀၀)ကျပ်ကိုတောင်သူများထံထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)