(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပွတ္တလူးကုန်းရွာအဝင်လမ်း ကတ္တရာလမ်းသစ်အား ပြည်နယ်၀န်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မော်လမြိုင်        ဒီဇင်ဘာ ၁၈

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မော်လမြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သော မော်လမြိုင်မြို့နယ်၊ မင်းရွာကျေးရွာအုပ်စု၊ ပွတ္တလူးကုန်းရွာအဝင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကတ္တရာလမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပခဲ့သည်။

လမ်းဖွင့်ပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တာဝန်ယူစတင်ထမ်းဆောင်ချိန်မှစ၍ ပြည်သူလူထူ၏အခြေခံလိုအပ်ချက်များဖြစ်သည့် လျှပ်စစ်မီးနှင့်ရေရရှိရေး၊ လမ်းတံတားတည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း မော်လမြိုင်မြို့နယ်၊ ပွတ္တလူးကုန်းရွာအဝင်လမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၁၈၇ ဒဿမ ၉၀) သန်းဖြင့်မော်လမြိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မူလလမ်းအကျယ်(၁၂)ပေမှ (၂၄)ပေအကျယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ပွတ္တလူးကုန်းရွာအဝင်လမ်းမှာမွန်ပြည်နယ်အားကစားဥယျာဉ်၊ Water World ရေကူးကန် အပန်းဖြေစခန်းနှင့်မင်းရွာအချုပ်ထောင်တို့ကို ဝင်ထွက်သွားလာနိုင်တဲ့ အဓိကလမ်းတစ်လမ်း ဖြစ်လာမည့်အပြင် မင်းရွာကျေးရွာနှင့်မုရောင်းကျေးရွာတို့မှ ဒေသခံကျေးရွာသူ/ ကျေးရွာသားများ အဓိကအသုံးပြုလာနိုင်မည့်လမ်းဖြစ်ခြင်းကြောင့် ဒေသခံပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေ ချောမွေ့လာနိုင်မှာဖြစ်တဲ့အတွက် မူလလမ်းအရှည်(၁၂)ပေအကျယ်မှ (၂၄)ပေအကျယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း ယခုလိုဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများအနေနဲ့ အားကစားဥယျာဉ်နှင့် Water World အပန်းဖြေ နေရာသို့ စိတ်အေးချမ်းသာ လွယ်ကူစွာ ဝင်ထွက်သွားလာနိုင်မှာဖြစ်ပြီး ယာဉ်အန္တရာယ်လည်းလျော့ပါးသွားနိုင်မှာဖြစ်ပါကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသနေပြည်သူများ တိုးတက်ဖွံ့ဖြိုးရေးအတွက် လမ်း/တံတားများတည်ဆောက်ပေးလျက်ရှိရာ ၂ဝ၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသည့် လမ်း/ တံတားလုပ်ငန်းများ၊ တင်ဒါရကုမ္ပဏီများမှ ဆောင်ရွက်သည့် လမ်း/တံတားလုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း  မွန်ပြည်နယ်ဖွံ့ဖြိုးစည်ပင်သာယာဝပြောစေရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများ အားလုံးပါဝင်ပူးပေါင်း၍ လိုအပ်လျက်ရှိသည့် ကျေးလက်လမ်း/တံတားများ ဖွံ့ဖြိုးတိုးတက်လာစေရန် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းနှင့် လူမှုစီးပွားဘဝပိုမိုမြင့်မားလာစေမည်ဖြစ်ပြီး မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်နည်းပါးလာမှာဖြစ်ပါကြောင်း လက်ရှိနိုင်ငံတော်မှလည်း ကျေးလက်နေပြည်သူများအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးလျက်ရှိနေခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် လမ်း၊ တံတားများရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်ပါကြောင်းနှင့် ပြည်နယ်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအားလုံးဝိုင်းဝန်း ပါဝင်ပူးပေါင်းဆောင်ရွက်ပေးကြဖို့နှင့် မိမိဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း စဉ်ဆက်မပြတ် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှမျိုး၀င်းကလမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာဒေသခံတစ်ဦးဖြစ်သူ ဦးတင်၀င်းနိုင်က  ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါလမ်းသစ်ကို မွန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ လမ်းပန်းဆက်သွယ်ရေး၀န်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး၊ စီးပွားရေးရာ၀န်ကြီး၊ ပြည်နယ်ကျေးလက်လမ်းညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ကျေးလက်လမ်း ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံအား  ပြည်နယ်၀န်ကြီးချုပ်နှင့်လမ်းပန်းဆက်သွယ်ရေး၀န်ကြီးထံ ပေးအပ်ခဲ့ကာ  ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မင်းရွာကျေးရွာအုပ်စု၊ ပွတ္တလူးကုန်းရွာ အဝင်လမ်းသည် ယခင်ကမြေသားလမ်း အဆင့်သာဖြစ်ပြီး အရှည် (၁/၄)မိုင်နှင့် လမ်းအကျယ်မှာ (၂၄)ပေခန့်သာရှိပြီး အဆိုပါလမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပေ(၆၀)အကျယ် မြေသားလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်း ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ(၁၂)ပေ အကျယ်ကတ္တရာလမ်းအဖြစ်အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ခရီးစဉ်အတွင်း လမ်းညွှန်ချက်အရမူလ(၁၂)ပေမှ (၂၄)ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်  ပြည်နယ်ရန်ပုံငွေကျပ် (၁၈၇ ဒဿမ ၉၀)သန်းဖြင့် မော်လမြိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျေးရွာ(၄)ရွာ အိမ်ခြေ(၁၂၁၃)အိမ်နှင့်လူဦးရေ(၅၃၁၇)ဦး အဓိကအသုံးပြုသည့် လမ်းဖြစ်သည့်အပြင် မွန်ပြည်နယ် အားကစားဥယျာဉ်အဝင်လမ်းလည်းဖြစ်ခြင်း ဒေသခံပြည်သူများ လွယ်ကူအဆင်‌ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်