စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အရုပ်ဆက်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကျင်းပ

စဉ့်ကူး   ဒီဇင်ဘာ   ၁၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အရုပ်ဆက်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များကို အစဉ်သတိရစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတပါရရှိ၍ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့်ပိုမိုရင်းနှီးလာစေရန်ရည်ရွယ်၍ အရုပ်ဆက်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲများကိုကျင်းပရာ အရုပ်ဆက်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၉)ဦးနှင့် ဘောလုံးပစ်ဂိမ်းကစားပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးနှင့် ပူဖောင်းဖောက် ဂိမ်းကစားပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ရုပ်သံကျွမ်းကျင်-၃ ဒေါ်ငြိမ်းချမ်းဝင်းက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများအား စဉ့်ကူးမြို့နယ်ပြန်/ဆက်ရုံး ဝန်ထမ်းများကအအေးနှင့်မုန့်များ တိုက်ကျွေးခဲ့ကာ လက်ဆောင်ပစ္စည်းများအား မဲဖောက်ပေးခဲ့ကြသည်။

စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး(Talk Show)များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ ဆက်)