ရေးမြို့၌ နွားမေထုန်မဲ့ သားစပ်သင်တန်းပြုလုပ်

ရေး     ဒီဇင်ဘာ   ၁၈

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် နွားမေထုန်မဲ့ သားစပ်သင်တန်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

ယခုဖွင့်လှစ်ပို့ချသည့်သင်တန်းကို Unit Plan စီမံကိန်းဆောင်ရွက်နေသည့်ကျေးရွာများတွင် မွေးမြူထားသည့်နို့စားနွား၊ အသားစားနွားနှင့် ဒေသနွားများအား ကိုယ်တိုင်စနစ်တကျ မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် မျိုးကောင်းမျိုးသန့်နွားများ တိုးပွားလာမည်ဖြစ်ပြီး ထုတ်လုပ်မှုအားကောင်းသည့် နွားမျိုးများကို တိုးချဲ့မွေးမြူနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များကို မွေးမြူခြင်းဖြင့် ကြီးထွားမှုကောင်းမွန်ခြင်း၊ ထုတ်လုပ်မှုကောင်းမွန်ခြင်း၊ မွေးမြူရသည့် ကာလတိုတောင်းသည့်အတွက် လုပ်အားနှင့်အချိန်လျှော့ချနိုင်ခြင်း၊ ရောဂါဘယဒဏ်နှင့် ရာသီဥတုဒဏ်ခံနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း၊ မျိုးမြှင့်သားစပ် ခြင်းလုပ်ငန်းကို သဘာဝနည်းဖြင့် မျိုးမြှင့်သားစပ်ခြင်းနှင့် မေထုန်မဲ့နည်းဖြင့် မျိုးမြှင့်သားစပ်ခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ ကြိုက်နှစ်သက်ရာ နွားသိုး၏မျိုးရည်ဖြင့် အလွယ်တကူမျိုးမြှင့်သားစပ်နိုင်သဖြင့် နွားပိုင်ရှင်များအနေဖြင့် မျိုးမြှင့်နွားသိုးကို ကိုယ်တိုင်မွေးမြူထားရန်မလိုအပ်ဘဲ ငွေကြေးကုန်ကျမှုအနည်းငယ်ဖြင့် သားစပ်နိုင်ခြင်း၊ မျိုးနွားသိုးထိန်းသိမ်းစရိတ်လျှော့ချနိုင်ခြင်းစသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူးက ဆက်လက်ပြောကြားသည်။

ထို့နောက် သင်တန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သင်တန်းနည်းပြ(၁)ဦးက မေထုန်မဲ့သားစပ်လုပ်ငန်းသမိုင်း၊ မေထုန်မဲ့သားစပ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ဆိုးကျိုးများ၊ တိရစ္ဆာန်ကိုင်တွယ်ထိန်းချုပ်ခြင်း၊ နွားမမျိုးပွားမှုဆိုင်ရာဇီဝကမ္မဗေဒ၊ ဇီးစမ်းသပ်ခြင်း၊ မြိုင်သံသရာနှင့်မြိုင်စစ်ဆေးခြင်း၊ မျိုးပွားမှုဆိုင်ရာ အရည်အသွေးအမြင့်ဆုံးရရှိရန်ဆောင်ရွက်ခြင်း၊ မေထုံမဲ့သားစပ်ခြင်း၊ မျိုးရည်ခဲချောင်းထုတ်လုပ်ခြင်း၊ နိုက်ထရိုဂျင်အရည်ထုတ်လုပ်အသုံးပြုခြင်း၊ သားစပ်ခြင်းဆိုင်ရာနည်းလမ်းများ၊ မျိုးနွားသိုးမွေးမြူစောင့်ရှောက်ခြင်းနှင့် မျိုးပွားမှုဆိုင်ရာရောဂါများစသည့်အကြောင်းအရာများကို ရေးမြို့နယ်အတွင်းရှိ  သင်တန်းသား(၁၀) ဦးအား ဒီဇင်ဘာ ၁၅ ရက်နေ့မှ ဒီဇင်ဘာ ၁၇ ရက်နေ့အထိ(၃)ရက်ကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)