ရန်ကင်း ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီးမှ တည်ထောင်ထားတော်မူသည့် ပညာဘူမိတက္ကသိုလ်ကကြီးမှူးကျင်းပသည့် သုတဓမ္မဒီပလိုမာ Level-1 စာမေးပွဲကို ယမန်နေ့ နေ့လယ် ၁:၀၀ နာရီက မိုးကောင်းဆုတောင်းပြည့်စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို မြတ်ဗုဒ္ဓ၏စစ်မှန်သောဓမ္မတို့ကို သေချာကျနစွာနားလည်သဘောပေါက်ပြီး၊ မိမိတို့၏စိတ်အစဉ်တွင် ဓမ္မအသိပညာများ ကိန်းအောင်လိုက်နာကျင့်သုံး နေထိုင်ခြင်းဖြင့် လောကဓမ္မရေးရာနှစ်ဖြာတို့တွင် ကောင်းကျိုးချမ်းသာများရရှိစေရန်ရည်သန်၍ ဆောင်ရွက်ရန်၊ မြန်ဗုဒ္ဓ၏တရားတော်များသည် Mild Centre Teaching ဖြစ်သည်နှင့်အညီ မြတ်စွာဘုရား၏ တရားဒေသနာများကို မြန်မာနိုင်ငံအတွင်းရှိ မြန်မာလူမျိုးများအားလုံး လွယ်ကူစွာသင်ယူတတ် မြောက်ကြစေရန်နှင့် မြတ်စွာဘုရား၏ မူရင်းတရားတော်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေကြသော မျက်မှောက်ခေတ် မြန်မာလူမျိုးများအတွက် ဤတက္ကသိုလ်မှ မြတ်ဗုဒ္ဓ၏ တရားတော်များကို သင်ကြားပို့ချသွားရန်တို့ကိုရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ စာဖြေဌာန(၇)ဖြစ်သည့် ရန်ကင်းမြို့နယ်တွင် ဖြေဆိုသူ(၅၇၃)ဦးရှိပြီး၊ သံဃာတော်(၁၀)ပါး၊ သီလရှင်(၁၂)ပါးနှင့်လူပုဂ္ဂိုလ်(၅၅၁)ဦးတို့သည် အဆိုပါစာမေးပွဲတွင် စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ စာမေးပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)