မိတ္ထီလာ၊ ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာမှ ထိန်းအိုလုပ်ငန်းလုပ်ကိုင်သူ များ ထန်းတက်ရာသီ စတင်ချိန် ထန်းမြူအိုးများ အရောင်းတွက်၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သီတက္ကန်(မြောက်)ကျေးရွာရှိ အိုးလုပ်ငန်းလုပ်ကိုင်သူများက ထန်းတက်ရာသီချိန်တွင် ထန်းမြူအိုး များကို ရောင်းချနိုင်ရန် ထန်းမြူအိုးများကို နိုဝင်ဘာလမှ စတင်၍ ဇန်နဝါရီလအထိ အဓိက လုပ်ကိုင်၍ ရောင်းချလျက်ရှိသည်။ အိုးလုပ်ငန်းလုပ်ကိုင်ရာတွင် မိသားစုများ စုပေါင်း၍ လုပ်ကိုင်ကြပြီး လိုအပ်သော မြေများကို လှည်းတစ်စီး ငွေကျပ် ၄၀၀၀နှုန်းဖြင့် ဝယ်ယူ၍ ရရှိလာသောမြေများကို ကျင်းအတွင်း ထည့်၍ ရေ လောင်းပြီး နူးနပ်အောင် ထားရသည်။ ၎င်းနောက် ရွှံ့များ နူးနပ်ပါက အမွှေးပါသည့် နွားသားရေပေါ်ပုံပြီး ရွှံ့များ စီးသွားအောင် ခြေထောက်ဖြင့် နင်းရပြီးနောက် လုံး၍ အိုးပြင်သည့် လက်လှည့်ပေါ်တင်၍ ပုံကြမ်း ဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရသည်။ ရရှိလာသောအိုးကို လက်ခတ်ဖြင့် ရိုက်ပြီး အပွင့်ပုံဖော်ခြင်း လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ပြီးနောက် အိုးစိမ်းများကို နေလှန်း၍ အခြောက်ခံရသည်။ ထို့နောက် ရရှိလာသော အခြောက်ခံပြီး အိုးစိမ်းများကို မီးဖုတ်ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ရသည်။ ထိုသို့ မီးဖုတ်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် တစ်ကြိမ်မီးဖုတ်လျှင် ထန်းမြူအိုး ၆၀၀မှ ၁၀၀၀အထိ မီးဖုတ်လျက် ရှိသည်။ ယင်းသို့ ဆောင်ရွက်၍ ရရှိလာသော ထန်းမြူအိုးများကို မိတ္ထီလာ၊ မလှိုင်၊ တောင်သာ ၊ မြင်းခြံ မြို့နယ်များမှ အိုးကုန်သည်များက ကျေးရွာအရောက် ထန်းမြူအိုး တစ်လုံးကို ငွေကျပ် ၂၀၀ နှုန်းဖြင့် ဝယ်ယူ လျှက်ရှိရာမှ ယခုနှစ် ထန်းတက် ရာသီစတင်ချိန်တွင် ထန်းမြူအိုးများ အရောင်းတွက်၍ အိုးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိရာ အဆိုပါ အိုးလုပ်ငန်းကို သီးတက္ကန်(မြောက်)ကျေးရွာသာမက အနီး အနား ကျေးရွာများကပါ အိုးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ခိုင်ထံမှ သိရသည်။
သီတက္ကန်(မြောက်)ကျေးရွာတွင် ထန်းမြူအိုးအပြင် သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ဆွမ်းလောင်းအိုး၊ ပန်းစိုက်အိုး ၊ စလောင်ဖုံး၊ ဆီမီးခွက်များကိုလည်း လုပ်ကိုင်ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)