တာချီလိတ် ဒီဇင်ဘာ ၁၈
တာချီလိတ်မြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(TSDP)အရ လူငယ်များကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများပေါ်ထွန်းလာစေရန် အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့မအားကစားကွင်းတွင် ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းတက်ရောက်အားပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အထက-ခွဲ(နားအွန်)မှ ကျောင်းသူလေးများက Fitness Danceနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများဖြင့် ကပြဖျော်ဖြေရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တာချီလိတ်ခရိုင်နှင့်မြို့နယ်များသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ် ပုန်းထွန်အသင်းနှင့် ကျိုင်းလပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(TSDP)အရ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ စနူကာ၊ စားပွဲတင်တင်းနစ်၊ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ ကြက်တောင်နှင့် မီနီမာရသွန်စသည့် အားကစား (၈)မျိုးပါဝင်ပြီး ဘောလုံးပြိုင်ပွဲကို ရပ်ကွက်နှင့်ကျေးရွာအုပ်စုပြိုင်ပွဲ အဖြစ်လည်းကောင်း၊ ပိုက်ကျော်ခြင်းကို ကလပ်အသင်းများပြိုင်ပွဲအဖြစ်လည်းကောင်း၊ ကြက်တောင်နှင့်စနူကာပြိုင်ပွဲကို အလွတ်တန်းပြိုင်ပွဲအဖြစ်လည်းကောင်း၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ မီနီမာရသွန်နှင့် ဘော်လီဘောပြိုင်ပွဲကို ကျောင်းအခြေပြုပြိုင်ပွဲအဖြစ်လည်းကောင်း ခွဲခြားသတ်မှတ်ထားပြီး ပြိုင်ပွဲဝင်အားကစားသမားပေါင်း(၁၂၆၇)ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)