ကွမ်းလုံ ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးကဦးစီး၍ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။
လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူကုန်ကူးမှုဥပဒေဆိုင်ရာဖွင့်ဆိုချက်၊ လူကုန်ကူးမှုနှင့် မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းများနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှု၏ အစိတ်အပိုင်း(၃)ရပ်နှင့် လူကုန်ကူးခံရနိုင်သူများ၊ လူကုန်ကူးသူများ အသုံးပြုသော နည်းလမ်းများနှင့် ခေါင်းပုံဖြတ်ခြင်းများ၊ လူကုန်ကူးခံရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာဆိုးကျိုးများနှင့် နိုင်ငံအပေါ်ထိခိုက်စေသော ဆိုးကျိုးများအကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များကို ကြည့်ရှု၍နယ်လှည့် စာကြည့်တိုက်တွင် စာအုပ်များငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)