စမ်းချောင်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက်ဖြန့်ဖြူးရောင်းချခြင်းနှင့် Mask Campaign ဆောင်ရွက်

စမ်းချောင်း  ဒီဇင်ဘာ ၁၈

ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို   ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက် ပုညကုသလဓမ္မာရုံတွင် ယမန်နေ့နံနက် ၉ နာရီခွဲမှစတင်၍ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါစားသောက်ကုန်များကို ရောင်းချရာတွင် အိမ်ထောင်စုတစ်စုအတွက် ဆီနှင့်ကြက်ဥများကို အထူးဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း ဝယ်ယူသူအိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း  သိရသည်။

ထိုသို့ရောင်းချရာသို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် စမ်းချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်၊ မြို့နယ်သမဝါယမ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့နယ်ကြက်ခြေနီတို့ပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်းမှဦးဆောင်၍ ကြီးကြပ်ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးစစ်ကြောင်းတွင်ပါဝင်သည့် ဌာနဆိုင်ရာများက နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်ရေး Mask Campaign လှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နီလာစိုး (ပြန်/ဆက်)