တောင်ကြီး စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အဖွဲ့သည် ယနေ့နံနက်(၁၁)နာရီခွဲ အချိန်ခန့်က ကွမ်းလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကွမ်းလုံမြို့နယ် Covid-19 ကော်မတီ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ယင်းသို့တွေဆုံရာတွင် ကွမ်းလုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းလှအေး မှ မဲဆန္ဒရှင် စာရင်းများ၊ မဲရုံများ၊ လုံခြုံရေးကိစ္စရပ်များ စသည့်ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်း တင်ပြပြီး မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျမှ ကိုဗစ်−၁၉ ကူးစက်မြန်ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်မှုအခြေအနေ၊ ကျန်းမာရေးအသိ ပညာပေးခြင်းနှင့် စစ်ဆေးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြကြောင်း ၊ ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့မှ မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ်(၁၀)သိန်း နှင့် ကျန်းမာရေးသုံးပစ္စည်းဖြစ်သည့် mask (၂၅၀၀) ခုပေးအပ်ရာ မြို့နယ်ကိုဗစ်−၁၉ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျ မှလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)