မတ္တရာ ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြို့မစည်ပင်သာယာဈေးကြီး မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လျှပ်စစ်မီးနှင့် အခြားမီးများ သုံးစွဲမှုများအား ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲ ၁နာရီက ကွင်းဆင်း စစ်ဆေးခြင်းခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ကိုနှင့် တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ တာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့မဈေးအတွင်းအပြင်ရှိ ဈေးဆိုင်ခန်း များရှိ လျှပ်စစ်ဝါယာကြိုး သွယ်တန်းထားရှိမှုများကို စစ်ဆေးပြီး လျှပ်စစ်ပစ္စည်းသုံးစွဲမှုများကို အသိပညာပေးပြောကြားခြင်း၊ အရေးပေါ်မီးသတ်ဆေးဘူးများထားရှိမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများကို အရည်အသွေးကောင်းမွန်ခြင်း ရှိမရှိစစ်ဆေးခြင်း မီးဘေးအန္တရာယ်ကြို တင်ကာကွယ်တားဆီးနိုင်ရေးအတွက်ဈေးဆိုင်များတွင် မီးသတ်ဆေးဘူးများ ထားရှိရေး ဆွေးနွေး အသိပညာပေးပြောကြားခဲ့ကြသည်။
ထို့နောက် အဆိုပါ ပူးပေါင်းအဖွဲ့သည် မြို့မဈေးအတွင်းရှိ မီးသတ်ရေကန်များ၌ ရေသို လှောင် ထားရှိမှုများ၊ မီးသတ်ရေငုတ်များ ကောင်းမွန်မှုရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)