သာကေတ ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကာကွယ်၊ တာဆီးထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀:၃၀)အချိန်၌ ကိုဗစ်၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပူပေါင်းအဖွဲ့က ဦးဆောင်၍ ခရီးသွားဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask များ တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် သာကေတမြို့နယ် ကိုဗစ် -၁၉ ရောဂါကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့ ဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သည့် ၁၀မြောက်ရပ်ကွက် စံပြဥယျာဉ်စျေးရှိ စျေးရောင်း၊ စျေးဝယ်သူ ပြည်သူများနှင့် ခရီးသွားပြည်သူများ လက်ဝယ်ရောက်နှာခေါင်းစည်း (၁၀၀၀) အား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
သာကေတမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကင်းဝေးစေရေးအတွက် အသိပညာပေးလုပ်ငန်းအား တာဝန်ရှိသူများမှ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)