မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် MASK (၁၀)ခုဝယ်ယူစေပြီး (၅)ခုကို ပြန်လည်လှူဒါန်းစေသည့် ဒဏ်ပေးစနစ်ဆောင်ရွက်

မိုင်းဆတ်   စက်တင်ဘာ  ၂၂  

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် MASK (၁၀)ခုဝယ်ယူစေပြီး (၅)ခုကို ပြန်လည်လှူဒါန်းစေသည့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီ က မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ မြို့မဈေး ရှေ့ နှင့် မိုင်းတုံလမ်းဆုံတို့တွင် ယနေ့နံနက်ပိုင်းက Mask တပ်ဆင်သွားလာခြင်း မရှိသူ(၁၈)ဦးအား လူစုလူဝေး ရှောင်ကျဉ်ကြရန်၊ လက်ကိုစနစ်တကျဆေးရန်၊ Social Distancing ကိုတိကျစွာ လိုက်နာကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက မိသားစုတစ်စုလျှင် တစ်ဦးသာသွားလာရန်၊ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရန် စသည့်အသိပညာပေးပြီး ဒဏ်ပေးသည့်အနေဖြင့် Mask (၁၀)ခုဝယ်ယူစေပြီး (၅)ခုအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ လှူဒါန်း၍ ကျန်(၅)ခုအနက် တစ်ခုကို တစ်ပါတည်း တပ်ဆင်စေပြီးမှသာ လိုရာခရီးသို့ ဆက်သွားခွင့်ပြုခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးရှေ့၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်နှင့် မိုင်းတုံလမ်းဆုံတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုပြေ တို့ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ အမှတ်(၁၂၀)ယာဉ်ထိန်းတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ ကျန်းမာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)