ချမ်းမြသာစည် ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်၊ လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေပြီး စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်တို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားနောက် လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ Grade (9)၊ Grade (10) နှင့် Grade (11)မှ ကျောင်းသား၊ ကျောင်းသူ(၄)ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ သူများက မိမိတို့သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ယနေ့ ကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၃)ကျောင်းမှ တာ၀န်ခံကြီးကြပ်ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၄၃)ဦး တက်ရောက်ခဲ့ကြသည်။ စကားဝိုင်းဆွေးနွေးပွဲ ပြီးနောက် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများသည် ခန်းမအတွင်း ပြသထားသောအသိပညာပေး နံရံကပ်စာစောင်များ၊ ပြည်သူ့စာကြည့်တိုက်အတွင်းရှိ စာအုပ်/ စာစောင်များကို စိတ်ပါ၀င်စားစွာဖြင့် လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)