ကျိုင်းတုံမြို့၌ ကဗျာဆရာများ၏  သူတို့အရေး သူတို့အတွေး ဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ    ဒီဇင်ဘာ   ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကဗျာဆရာများ၏ သူတို့အရေး သူတို့အတွေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက မိမိတို့ဌာန လူထုအခြေပြုဗဟိုဌာနမှာ ဒေသအတွင်း နေထိုင်သည့်သူများ အချင်းချင်းတွေ့ဆုံ၍  ရပ်ရွာကိစ္စ၊ စိတ်ဝင်စားဖွယ်အကြောင်းအရာ အမျိုးမျိုးကို ဆွေးနွေးတိုင်ပင်နိုင်ရန်ဖြစ်ပါကြောင်း၊ သတင်းအချက်အလက်များ ဖလှယ်နိုင်သည့်နေရာ၊ အသိပညာဗဟုသုတများ ရှာမှီး နိုင်သည့်နေရာ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာများ သင်ယူလေ့ကျင့်နိုင်သည့်နေရာ၊ စကားဝိုင်းများ၊ ဆွေးနွေးပွဲများ၊သင်တန်းများ၊ ပြပွဲ ပြိုင်ပွဲများ ဆောင်ရွက်နိုင်အောင်ရည်ရွယ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်းနှင့် ယခုလိုကဗျာဆိုင်ရာအကြောင်းအရာများလာရောက်ဆွေးနွေးမှုအား ကြိုဆိုပါကြောင်းပြောကြားသည်။

ထို့နောက် ကဗျာဆရာ ကြည်မင်းဦး၊ ဇော်လင်း(ဝမ်ပင်း)၊  ဦးဝင်မိုး(နွယ်တစ်မျှင်)၊ ကဗျာဆရာ စိုင်းစော(မဇ္ဈမကမ္ဘောဇပြည်)၊ ဆု(ကျိုင်းတုံ)နှင့် စာရေးဆရာ နိုင်နိုင်အောင်ဝေတို့က ၎င်းတို့ ရေးသားခဲ့ကသည့် ကဗျာဆိုင်ရာအကြောင်းအရာများနှင့် ဖြတ်သန်းခဲ့ကြသည့် ဘဝအတွေ့ အကြုံများစသည့်အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးကြကြောင်းသိရသည်။

အလားတူ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်များ၊ အခြားစိတ်ဝင်စားဖွယ် အကြောင်းအရာများနှင့် ဒေသအကျိုးပြုဆိုင်ရာ အကြောင်းအရာဆွေးနွေးပွဲများနှင့် ပြိုင်ပွဲများ၊ သင်တန်းများကို ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)