ကျောက်ဖြူမြို့ရှိ ပင်လယ်ကမ်းခြေတစ်လျှောက်သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်

ကျောက်ဖြူ   ဒီဇင်ဘာ  ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ပင်လယ်ကမ်းခြေတစ်လျှောက် သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကမ်းခြေတစ်လျှောက် ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ ပြည်သူများအပန်းဖြေစေရန်နှင့် ကျန်းမာရေးအတွက် ကိုယ့်လက်လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်ဌာနဆိုင်ရာများ ပါဝင်သည့်ပူပေါင်းအဖွဲ့တို့မှ သတ်မှတ်နေရာများ၌ ပင်လယ်ကမ်းခြေ တစ်လျှောက် ဒီရေတက်ချိန်တွင်မျှောပါလာပြီး ကမ်းခြေတွင် တင်ကျန်ခဲ့သည့် အမှိုက်များနှင့် စွန့်ပစ်အမှိုက်များ၊ ခြုံနွယ်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည့် အမှိုက်များအား အမှိုက်အိတ်များဖြင့် စနစ်တကျထုပ်ပိုးကာ သတ်မှတ်နေရာများသို့ မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ အမှိုက်သိမ်းယာဉ်များဖြင့် စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူအင်အား ၃၀၀ ခန့်  စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)