တာချီလိတ် ဒီဇင်ဘာ ၁၇
တစ်မျိုးသားလုံး ကြံ့ခိုင်ကျန်းမာရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Township Sport Development Program (TSDP) အစီအစဉ်အရ မီနီမာရသွန်အပြေးပြိုင်ပွဲကို ယနေ့ နံနက် ၅နာရီခွဲအချိန်က တာချီလိတ်မြို့ အမှတ်(၂)တံတား၌ ကျင်းပခဲ့သည်။
မီနီမာသွန်အပြေးပြိုင်ပွဲကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တာလွှတ်ပေးပြီးပြိုင်ပွဲဝင် အားကစားသမားများက အမှတ်(၁)တံတားအထိပြေး၍ အားကစားကွင်းသို့ ပန်းဝင်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ တာချီလိတ် အားကစားကွင်း၌ ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲ တတိယပတ်ကို ကွင်း(၂)ပတ်ပါဝင်ဆင်နွဲကြပြီး ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းပြုလုပ်ကြသည်။
ထို့နောက် မီနီမာရသွန်အပြေးပြိုင်ပွဲတွင် ပန်းဝင်လာသူများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး မီနီမာရသွန် ပြိုင်ပွဲတွင် ဆုရရှိသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ် ဥပဒေချုပ် ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် တာဝန်ရှိသူတို့က ဆုများ အသီးအသီး ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင် ဆရာတော် သက်တော်(၉၅)ဝါတော်(၇၅)မွှေးနေ့ပွဲသို့ တက်ရောက်ကာ ဆရာတော်များအား လှူဖွယ်ဝထ္ထုပစ္စည်းနှင့် နဝကမ အလှူငွေများဆက်ကပ်လှူဒါန်းပေးကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း နိဗ္ဗာန်စျေးပွဲတော်အား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)