တာချီလိတ် ဒီဇင်ဘာ ၁၇
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို လူမှုရေးဦးတည်ချက် ထားရှိဖော်ဆောင်လျက်ရှိပြီး အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဒီဇင်ဘာ(၁၇)ရက် မွန်းလွဲ(၁)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TownShip Sports Development Program) TSDP အားကစားပွဲတော်ဖွင့်ပွဲကို တာချီလိတ်မြို့၊ မြို့မအားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကျန်းမာကြံ့ခိုင်ရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်၊လူသက်တန်းစေ့နေထိုင်နိုင်ရန် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုအား မဖြစ်မနေ ပြုလုပ်ရန်လိုအပ်ပါကြောင်း၊ ယနေ့နိုင်ငံတော်မှ မြန်မာ့အားကစားကို နိုင်ငံတကာ အဆင့်မီတက်လှမ်းနိုင်ရန် ရည်ရွယ်ပြီး စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မျိုးဆက်သစ်လူငယ်အားကစားသမားများ စုဆောင်းရရှိရေးသည် အဓိက အရေးအကြီးဆုံးအချက်ဖြစ်ပါကြောင်း၊ ရှမ်းပြည်အတွင်း အားကစားကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ရှမ်းပြည်နယ်အတွင်းက အားကစားသမားများ အချင်းချင်း ပိုမိုရင်းနှီးကျွမ်းဝင်လာစေရေးနှင့် ယဉ်ကျေးမှု ဓလေ့စရိုက်များ လေ့လာဖယ်လှယ်နိုင်ရေးတို့ကို ရည်ရွယ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ် ဘဏ္ဍာနှစ်အလိုက်မြို့နယ်များကို ရွေးချယ်ပြီး TSDP အားကစားပွဲတော်များ ဆောင်ရွက်ပေးလျက်ရှိရာ တာချီလိတ်မြို့နယ်အနေဖြင့် မိမိတို့မြို့နယ်က အားသာမှုရှိသည့်ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်စစ်တုရင်၊ စနူကာ၊ မီနီမာရသွန်၊ ပိုက်ကျော်ခြင်းစသည့် အားကစားနည်း(၈)မျိုးကို ကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင်ဘောလုံးအသင်း(၂၁)သင်း၊ ဘောလီဘောပြိုင်ပွဲဝင်အသင်း(၄)သင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်အသင်း(၁၅)သင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲဝင်(၄၄)ဦး၊ ကြက်တောင်ပြိုင်ပွဲဝင်(၆၆)ဦး၊ စစ်တုရင်ပြိုင်ပွဲဝင်(၂၉)ဦး၊ စနူကာပြိုင်ပွဲဝင်(၂၈)ဦး မီနီမာရသွန် ပြိုင်ပွဲဝင်(၄၃၀)ဦး၊ စုစုပေါင်း(၁၂၆၇)ဦး စိတ်ပါဝင်စားစွာ လာရောက်ယှဉ်ပြိုင်ခဲ့ကြသည့်အတွက် ပြိုင်ပွဲဝင်အားကစားသမားများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား တာဝန်ရှိသူများက ရင်းရင်းလိုက်လံနှုတ်ဆက် အားပေးစကားပြောကာ တာချီလိတ် အ.ထက(ခွဲ)နားအွန်ကျောင်းမှ Fitness Dance အကဖြင့်လည်းကောင်း၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များမှ တင်ဆက်ကပြဖျော်ဖြေကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာချီလိတ်ခရိုင်နှင့်မြို့နယ်များသို့ အားကစားကစ္စည်းများနှင့် ကပြဖျော်ဖြေပေးသော အ.ထ.က(ခွဲ)နားအွန်နှင့် ယဉ်ကျေးမှုအကအဖွဲ့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
၎င်းနောက် ဘောလုံးပွဲ ပထမပွဲစဉ်အဖြစ် ပုန်းထွန်ရပ်ကွက်အသင်းနှင့် ကျိုင်းလပ်ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မောင်မောင်သန်း (ပြန်/ ဆက်)