သီပေါ ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀)နာရီက ပြုလုပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများဆောင်ရွက်ရာတွင် မုန့်စားပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ စာအုပ်ခေါင်းရွက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ သံပုရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ အပ်နဖားထိုးပြိုင်ပွဲ စသည့် ပြိုင်ပွဲများကို ကျင်းပပေးပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ထိုသို့ အားကစားပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူကလေးများ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန်၊ ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် လွတ်လပ်ရေးအား အသက်နှင့်ယှဉ်ကာ တန်ဖိုးထားမြတ်နိုးတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးရွှေမြင့်က ပြောပြခဲ့ကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)