တပ်ကုန်း ဒီဇင်ဘာ ၁၇
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း (အောင်ပွဲ) အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အနော်ရထာရပ်ကွက်၊ မဟာဗောဓိစာသင်တိုက်၊ ရွှေရတုမဟာဗောဓိဗိမာန်တွင် ကျင်းပရာ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီအရှင်သူမြတ်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အခမ်းအနားသို့ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူ ရှင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပြီး၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အလှူရှင်များက လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ ဦးမြင့်ရွှေ + ဒေါ်မြင့်မြင့်သန်း (တောကြီးမြိုင်ကြီးကုမ္ပဏီ) မိသားစုမှ ဆန်အိတ်(၂၆)အိတ်လှူဒါန်းရာ အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က လက်ခံယူခဲ့သည်။ လှူဒါန်းမှုအစုစုအား တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ မထေရ်မြတ်က ရေစက်သွန်းချတရားတော် ချီးမြှင့် အမျှပေးဝေခဲ့ပြီး၊ ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ပရိသတ်များက ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းကာ ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို အနော်ရထာရပ်ကွက်၊ မဟာဗောဓိစာသင်တိုက်၊ ရွှေရတုမဟာဗောဓိ ဗိမာန်တွင် ဒီဇင်ဘာ ၁၃ ရက်နေ့မှ ၁၇ရက်နေ့အထိ (၅)ရက်တိုင်တိုင် ဆရာတော်၊ သံဃာတော်(၂၆)ပါးဖြင့် အသံမစဲမဟာ ပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တင်စိုးလွင် (ပြန်/ ဆက်)