မိုးညှင်း ဒီဇင်ဘာ ၁၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဘိုကုန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်လျက်ရှိသော (စိုက်ပျိုးရေး)ကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် ငွေကျပ်သိန်း(၂၀၀)ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ပွဲတွင် ခရိုင်အဆင့်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က စိုက်ပျိုးရေးကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် ထောက်ပံ့ငွေများလွှဲပြောင်း ပေးအပ်မှုနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းထိုက်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထောက်ပံ့ ပေးအပ်မှုနှင့်ပတ်သက်ပြီး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်မျိုးကိုက စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်လျက်ရှိသော (စိုက်ပျိုးရေး) ကျေးရွာစီမံကိန်း လုပ်ငန်းများအတွက် ချေးငွေများနှင့်ပတ်သက်ပြီး စီမံကိန်းဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို စိုက်ပျိုးရေးဆောင်ရွက်လျက်ရှိသော တောင်သူ (၅၈)ဦးအတွက် တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များထံ အသီးသီးလွှဲပြောင်းပေး အပ်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ ဆက်)