သီပေါ ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၉)နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်းအဝေးကို တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက်အသီးသီးပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာဌာနများမှ အသိပညာပေး လုပ်ငန်းများကို ဝိုင်းဝန်း ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် စသည်ဖြင့် အမှာစကားပြောကြား ခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲမှူးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေငှား ဂရမ်ထုတ်ပေးခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ လမ်းဦးစီးဌာနမှ မြို့တွင် AC လမ်းခင်းဆောင်ရွက်သည့်ကိစ္စများနှင့် ပတ်သက်၍လည်းကောင်း၊ ပညာရေးဌာနမှ အားကစားပြိုင်ပွဲများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လည်းကောင်း၊ မီးသတ်ဦးစီးဌာနမှ သင်တန်း ဖွင့်လှစ်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်းအသီးသီး ရှင်းလင်းတင်ပြဆွေး နွေးခဲ့ကြပြီး ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်များတွင်လိုအပ်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြ ဆွေးနွေးခဲ့ကြကာ အသီးသီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ခဲ့ကြ ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်လလျှင်(၂)ကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ဆောင်ရွက်လျက်ရှိပြီး အစည်းအဝေးသို့ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် အနီးအနား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)